စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

Wednesday, October 26, 2011

Ubuntu OS အသုံးပြုသူများအတွက် အကူအညီ ပေးနေသည့် LoCo Team နှင့် တွေ့ဆုံမေးမြန်းခြင်း

http://news.yatanarpon.com.mm/cp/internetjournal မှကူးယူဖော်ပြလိုက်ပါတယ်...
Photo
လက်ရှိအချိန်မှာ Ubuntu OS ကို ရုံး၊ ကုမ္ပဏီနဲ့ စက်ရုံများမှာ အသုံးပြုလာကြသလို အိမ်သုံးအဖြစ်လည်း အလွယ်တကူ သုံးစွဲနိုင်တဲ့ အတွက်  Ubuntu OS ဟာ လူကြိုက်များတဲ့ Operation System တစ်ခုဖြစ်လာ ပါတယ်။ Ubuntu ဆိုတာ အာဖရိကန် ဘာသာစကားနဲ့ လူသားချင်း စာနာ ထောက်ထားမှုလို့ အဓိပ္ပာယ် ရပါတယ်။ အခမဲ့ သုံးစွဲနိုင်တဲ့ Operation System တစ်ခု ဖြစ်တာနဲ့ အညီ Application တွေကိုလည်း အခမဲ့ ရယူသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သုံးစွဲသူတွေမှာ Ubuntu OS နဲ့ ပတ်သက်တဲ့ installer များ၊ ပြဿနာများကို ဖြေရှင်းပေးနိုင်ဖို့ အတွက် နိုင်ငံအချို့မှာ LoCo Team လေးတွေ ရှိကြပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာလည်း Ubuntu အသုံးပြုသူတွေ အတွက် လိုအပ်တဲ့ အကူအညီများနဲ့ ပြဿနာများကို ဝိုင်းဝန်း ဖြေရှင်းပေးနိုင်ဖို့ အတွက် LoCo Team ကို ဖွဲ့စည်းထားတာကို တွေ့ရပါတယ်။ ဒါကြောင့် Ubuntu OS နဲ့ ပတ်သက်ပြီး အထောက်အကူပေးမယ့် LoCo Team အဖွဲ့က တာဝန်ရှိသူတွေနဲ့ သူတို့ အဖွဲ့အကြောင်းကို တွေ့ဆုံမေးမြန်း ခဲ့ပါတယ်။


LoCo Team ကို ဘယ်လို ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တာပါလဲ။

LoCo Team ဆိုတာ Local Community Team ကို ပြောတာဖြစ်ပြီး ဒေသတွင်း Ubuntu အသုံးပြုသူတွေ အဆင်ပြေစေဖို့အတွက် နိုင်ငံတကာမှာလိုပဲ ဒေသအလိုက် အဖွဲ့အစည်းနဲ့ ကူညီပေးနိုင်ဖို့ လိုအပ်ချက်တွေ ရှိလာရင် ဝိုင်းဝန်း ဖြေရှင်းပေးနိုင်ဖို့ ဖြစ်ပါတယ်။ ရွေးချယ်စရာ ရှိသေးတယ်ဆိုတာ သိစေချင်လို့ မိတ်ဆက်ပေးရာကနေ လူတော်တော်များများ နှစ်နှစ်ခြိုက်ခြိုက် သုံးစွဲနေကြပါပြီ။

လက်ရှိ LoCo Team မှာ အသင်းဝင်ပေါင်း ဘယ်လောက် ရှိပါပြီလဲ။

Facebook ပေါ်မှာ group member အနေနဲ့ လောလောဆယ် (၄၀၀) ခန့်ရှိပြီး Ubuntu  Event တွေမှာ မှတ်ပုံတင်ထားတာကတော့ ၈၀၀ လောက် ရှိပါတယ်။ Facebook က Group member တွေ ပွဲမှာ တက်ရောက်ပြီး Ubuntu အသုံးပြုသူတွေ နောက်အမြဲတမ်း ကူညီခဲ့သူတွေကို Survey ကောက်ပြီး ပိုမိုတိကျ ကျစ်လျစ်တဲ့ Team အဖြစ် ဖွဲ့စည်းဖို့ ရှိပါတယ်။

LoCo Team အနေနဲ့ Ubuntu အသုံးပြုသူတွေ အတွက် အထောက်အပံ့ အကူအညီ ပေးနိုင်အောင် ကြိုးစားနေတယ် ဆိုတာ သိရပါတယ်။ အသုံး ပြုသူတွေ အဆင်ပြေဖို့ အတွက် ဘာတွေလုပ်ဆောင် နေပါသလဲ။

လွယ်ကူစွာ အသုံးပြုနိုင်ဖို့ User Guide တွေကို မြန်မာလို ပြန်ပေးထားတာမျိုး WiKi  အနေနဲ့ ဖတ်နိုင်အောင် ရေးသားပေးတာမျိုး ပြုလုပ် ပေးထားပါတယ်။ Ubuntu Distro အကြောင်း ရေးသားချင်သူတွေ အတွက်ကို Wordpress Hosting ပေးထားပြီး အသုံးဝင်တဲ့ Post  တွေ ရေးပေးတဲ့ Blogger တွေကို ရွေးချယ်ပြီး Domain/ Hosting ထောက်ပံ့တာမျိုး လုပ်ပေးသွားမှာပါ။ Online ကနေပြီး မေးမြန်းနိုင်ဖို့ အတွက် u4mm. com facebook group နဲ့ Gtalk မှာ ဆိုရင် Party Chat, Gtalk bot တွေ ရှိပါတယ်။ နိုင်ငံတကာက Linux Journal/ Magazine တွေကို ebook အနေနဲ့ သာမက စာအုပ်တွေပါ ဖတ်နိုင်အောင် စုဆောင်းပေးထား ပါတယ်။ မကြာခင် မြန်မာဘာသာနဲ့ Video Tutorial  တွေလည်း ထုတ်ပေးဖို့ ရှိပါတယ်။ နယ်မြေအလိုက်Team တွေ ထပ်ခွဲဖို့လည်း ရှိပါတယ်။ ဥပမာ Mandalay Team, Taunggyi Team စသဖြင့်ပေါ့။ Sub Team တွေ အနေနဲ့ကတော့ Ubuntu ကို မြန်မာဘာသာနဲ့ သုံးနိုင်အောင် Language Pack ရေးသားတဲ့ Translation Team လက်စွဲလမ်းညွှန်တွေ အတွက် Manual Team စတာမျိုးတွေ ရှိပါတယ်။ နယ်က အင်တာနက် အသုံးမပြုနိုင်သေးတဲ့ နေရာတွေ အတွက်လည်း Linux နဲ့ Ubuntu ကိုအဓိကထားပြီး စုစည်း ရေးသားပေးမယ့် Magazine တစ်စောင် ထွက်ပေါ်လာနိုင်ဖို့လည်း ကြိုးစားနေပါတယ်။ Installation  ပြုလုပ်ရာမှာ အင်တာနက်နဲ့ ပတ်သက်တဲ့ အခက်အခဲတွေ နည်းနိုင်သမျှ နည်းအောင် Repo Server တွေကိုအသုံးများတဲ့ နေရာတွေ သွားရလာရ လွယ်ကူမယ့် နေရာတွေမှာ တပ်ဆင်ပေးဖို့ ကြိုးစားနေပါတယ်။ အဲဒီ ဆာဗာထဲမှာတော့ အပေါ်မှာ ပြောထားတဲ့ ebook, iso, video, tutorial နဲ့ wiki စတာတွေ အကုန်ပါမှာဖြစ်ပြီး မည်သူမဆို အခမဲ့ သုံးနိုင်မှာပါ။

LoCo Team အနေနဲ့ မြန်မာပြည်အနှံ့မှာ ရှိတဲ့ Ubuntu OS အသုံးပြုသူတွေ အသုံးပြုဖို့အတွက် မသိသေးတဲ့ သူတွေကို ဘယ်လိုမျိုး ကူညီပံ့ပိုးပေးသွားဖို့ အစီအစဉ် ရှိပါသလဲ။

မြန်မာပြည်အနှံ့က Ubuntu အသုံးပြုသူတွေ အဆင်ပြေအောင် မိတ်ဆက်ပေးတဲ့ အနေနဲ့ နယ်အလိုက် event လေးတွေ လုပ်ပေးပြီး iso, ebook, magazine, video tutorial စတာတွေနဲ့ အပြင်မှာ Install လုပ်တာ လက်တွေ့ ပြတာ offline ထောက်ပံ့ပေးပြီး လိုအပ်ရင် online က မေးနိုင်တာတွေ ပါရှိပါတယ်။ လက်ရှိ မန္တလေးက အသုံးပြုသူတွေ အတွက် online ကနေ အခွေ အခမဲ့ မှာနိုင်ဖို့ စီစဉ်နေပါတယ်။ တောင်ကြီး၊ မန္တလေး၊ ပုဂံ၊ မူဆယ်၊ စစ်တွေ စတဲ့ မြို့တွေမှာ ဒေသခံတွေ အကူအညီနဲ့ Event တွေ လုပ်ဖြစ်ခဲ့ပါတယ်။

Ubuntu OS အသုံးပြုမယ့် သူတွေအတွက် လိုအပ်တဲ့ ဆော့ဖ်ဝဲတွေ၊ စာရွက်စာတမ်းတွေကို ပံ့ပိုးကူညီပေးဖို့ အစီအစဉ် ပြုလုပ်ထားပါသလား။ ဘယ်လို နေရာတွေမှာ ရယူနိုင်မှာပါလဲ။

ရှိပါတယ်။ Work 4U (work for ubuntu space), repo sever ရှိတဲ့ နေရာတွေမှာ software နဲ့ ebook စတာတွေအတွက် အကူအညီ ပေးပါတယ်။ ရန်ကုန်မှာရော နယ်မှာပါ နေရာတွေကိုတော့ ထပ်တိုးဖို့ ရှိသေးလို့ မကြာမီ ပြုလုပ်မယ့် Event မှာ အတိအကျ ကြေညာပေးပါမယ်။ Ubuntu OS မှာ လိုအပ်မယ့် Application တွေဟာ များသောအားဖြင့် အင်တာနက်ကနေ ဒေါင်းလုပ် လုပ်ယူရပါတယ်။

အင်တာနက် ကွန်နက်ရှင် မရှိသူတွေအတွက် Offline Installer တွေကို ရယူဖို့အတွက် စီစဉ် ပေးထားတာမျိုး ရှိပါသလား။

အဲ့ဒီ အခက်အခဲတွေအတွက် အဆင်ပြေအောင် repo server တွေ ထားပေးဖို့ စီစဉ်တာ ဖြစ်ပါတယ်။ Repo Server တွေရှိရင် အကုန်လုံးအတွက် တော်တော်လေး အဆင်ပြေပါတယ်။

LoCo Team အနေနဲ့ Ubuntu OS နဲ့ ပတ်သက်တဲ့ အသိပညာတွေ နည်းပညာတွေကို နယ်မြို့များမှာပါ ဖြန့်ဝေ ပေးနေတယ်လို့ ကြားပါတယ်။ နယ်မြို့မှာရှိတဲ့ ကွန်ပျူတာ အသုံးပြုသူတွေက Ubuntu OS အပေါ် နှစ်ခြိုက်မှုတွေ တွေ့ရပါသလား။

နှစ်သက်ကြပါတယ်။ Ubuntu Distro က pirate မဟုတ်တာရယ်နဲ့ virus ပြဿနာ နည်းတာ၊ install မလုပ်လည်း သုံးနိုင်တာ၊ စက်လိုအပ်ချက် နည်းတာ၊ အမြင်လှတာနဲ့ လိုအပ်တာရှိရင် စေတနာနဲ့ ကူညီပေးတဲ့ team ရှိတာလည်း ပါပါတယ်။ တခြား OS တွေအတွက် ဒီလို team မျိုး မြန်မာပြည်မှာ မရှိသေးပါဘူး။

LoCo Team အနေနဲ့ Ubuntu OS အသုံးပြုသူတွေ အကူအညီ လိုအပ်မယ်ဆိုရင် အကူအညီ ပေးနိုင်မယ့် အင်တာနက် လိပ်စာတွေကို ပြောပြပေးပါလား။

အင်တာနက် လိပ်စာတွေကတော့ http:// u4mm. com
https:// www.facebook. com/ groups/ ubuntu4mm/
u4mm@ partychatapp. appspotchat. com
qna@ u4mm. com နောက်ပြီးတော့ ကျွန်တော်တို့ LoCo Team အဖွဲ့ ရှိနိုင်မယ့် နေရာကတော့ ဗိုလ်တထောင်၊ လင်းစဒေါင်း မှတ်တိုင်အနီးမှာ ဖြစ်ပါတယ်။ Work 4 U ဆိုတဲ့ နာမည်နဲ့ ရုံးခန်း ဖွင့်ထားပါတယ်။ အဲဒီနေရာမှာ Ubuntu OS အတွက် လိုအပ်တဲ့ ဆော့ဖ်ဝဲတွေနဲ့ ပြဿနာတွေကို လာရောက်တိုင်ပင် ဆွေးနွေးနိုင်သလို အကူအညီ တောင်းယူနိုင်ပါတယ်။
Related Posts Plugin for WordPress, Blogger...