ခရစ်ယာန်ဘာသာဝင်များကြား ထင်ရှားတဲ့ဇာတ်လမ်းတစ်ခုအရ ကမ္ဘာဦးအစမှာ
ထာဝရဘုရား ဖန်ဆင်းထားတဲ့ အာဒမ်နဲ့ဧဝဟာ ထာဝရ တားမြစ်ထားတဲ့ကြားက
မစားကောင်းတဲ့ အသိဉာဏ်သစ်ပင်က သစ်သီးကို စားခဲ့ကြ တယ်။ အမျက်တော်ရှတဲ့
ထာဝရက အာဒမ်နဲ့ဧဝကို အပြစ်ဒဏ်ချတော်မူခဲ့တယ်။ ဒါကြောင့် အာဒမ်အနွယ်
အမျိုးသားများက ချွေးနဲ့ရင်းကာ ပင်ပင်ပန်းပန်း အလုပ်တွေလုပ်ရတယ်။ ဧဝနွယ်ဝင်
အမျိုးသမီးများကတော့ ကိုယ်ဝန်ဆောင်ကာ သားမွေးအလုပ်ကို ခက်ခက်ခဲခဲ
အသက်နဲ့ရင်းနှီးကာ လုပ်ရတယ်-လို့ ဖတ်ခဲ့ဘူးတယ်။
သူတို့စားခဲ့ကြတဲ့ အသိဉာဏ်သစ်ပင်က သစ်သီးဆိုတာက ပန်းသီးတဲ့။ ပန်းသီးဆိုတာ အသိဉာဏ်နဲ့ဆိုင်လေ သလား၊ အသိဉာဏ်ဖွံ့ဖြိုးမှုကို အားပေးလေသလား။ ဒါတော့ ကိုယ်မသိပါဘူး။ ဒါက အစာအဟာရဆိုင်ရာ ကျွမ်းကျင်သူတွေ (Nutritionists) ရဲ့ နယ်ပယ်လေ။
ကမ္ဘာဦးကာလက အက်ပဲလ်ဆိုတဲ့ ပန်းသီးဆိုတာ မစားကောင်းတဲ့ အသီးတစ်မျိုး ဖြစ်နေသေးလို့သာနေမှာပေါ့ လို့ ကိုယ်ကတော့ သာမန်ပဲတွေးမိပါတယ်။ ခုများမှာတော့ ကိုယ်စားနေကျ နံနက်စာထဲမှာကိုပဲ ပန်းသီးဆိုတာ မပါမဖြစ်တဲ့အရာတစ်ခုလိုတောင် ဖြစ်နေခဲ့ပြီပေါ့။ နေ့စဉ်စားနေကျ ပန်းသီးတစ်လုံးကိုကြည့်ပြီး ဒါဟာ အချစ်သီး လား၊ အပြစ်သီးလားရယ်လို့ တခါဘူးမျှပင်လျင် စဉ်းစားမကြည့်ခဲ့မိဖူးပါဘူး။

အာဒမ်နဲ့ဧဝရဲ့ စူးစမ်းတတ်မှုကြောင့်သာ ခုလိုခင်ပွန်း၊ မယား၊ သမီးသားတွေနဲ့
မြိုင်ဆိုင်နေပျော်ဖွယ် လူသား ကမ္ဘာဆိုတာ ပေါ်လာလေသလားလို့ ကြံကြံဖန်ဖန်တော့
စဉ်းစားမိခဲ့ဘူးတယ်။ ဒီဇာတ်လမ်းအလိုအရတော့ ခရစ်ယာန်ဘာသာဝင်များကြားမှာ
လူသားရယ်လို့ စ ဖြစ်တည်စကတည်းကိုက လူသားတွေကြားမှာ ပန်းသီး ဟာ
အရေးပါတဲ့အခန်းကနေ ရှိနေခဲ့တာ။ ဒါကပန်းသီးဆိုင်ရာ ကိုယ်ပထမဦးစွာ
ဖတ်ဖြစ်ခဲ့ဘူးတဲ့ ဇာတ်လမ်း တစ်ခုပါ။
၁၇ ရာစု၊ သိပ္ပံခေတ်ဦးပိုင်းကာလမှာ နယူတန်က ပန်းသီးပင်အောက်ထိုင်နေရင်း ပန်းသီးတစ်လုံး ခေါင်းပေါ် ကြွေကြတာကို အခြေခံပြီး သူ့ရဲ့ယူနီဗာဆယ်သီအိုဖြစ်တဲ့ ဂရဗတီသီအိုရီကို ဖော်ထုတ်နိုင်ခဲ့တယ်ရယ်လို့ နောက်ဇာတ်လမ်းတစ်ခုကိုလည်း ဖတ်ခဲ့ရပြန်တယ်။ ပန်းသီးတစ်လုံး ခေါင်းပေါ်ကြွေကျခြင်းကို ခံရတာ နယူ တန်ဟာ ပထမဆုံးဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမယ့် ဘာကြောင့် ပန်းသီးက အပေါ်ကို မကြွေပဲ အောက်ကိုကြွေကျ ရတာလဲလို့ စဉ်းစားခဲ့တာကတော့ နယူတန်ဟာ ပထဦးဆုံးလူသား ဖြစ်နိုင်ကောင်းမယ်။ သူ့ရဲ့အဲဒီလို သူမတူတဲ့ စဉ်းစားခဲ့မှုကြောင့်ပဲ ကမ္ဘာကြီးမှာ ပြောင်းလဲမှုတွေ တော်တော်များများ ဖြစ်ပေါ်ခဲ့တယ်။ ကျေးဇူးကမ္ဘာပါ မစ္စတာ ဆာ အစ်ခ် နယူတန်ခင်ဗျာ။
သူလို အဆန်းတကြယ် မစဉ်းစားတတ်တဲ့ကိုယ်ကတော့ ကမ္ဘာဦးကာလမှာ ထာဝရဘုရားသခင်က မစားရလို့ တားမြစ်ခဲ့ဘူးတဲ့ ပန်းသီးဆိုတာ နယူတန်ကာလမှာ စားကောင်းတဲ့အသီးဖြစ်နေပြီလား၊ မဖြစ်သေးဘူးလားဆို တာလောက်ကိုပဲ စဉ်းစားနိုင်ပါတယ်။ နောက်ပြီးလည်း ကြွေကျတဲ့ပန်းသီးကို မစ္စတာ နယူတန်ကောက်စားခဲ့လို့ သူများနဲ့မတူတဲ့အတွေးကို တွေးမိလေတာဖြစ်မယ်လို့လည်း တွေးမိခဲ့လိုက်သေးတယ်။
နယူတန်အလွန် နှစ်ပေါင်းသုံးရာကျော်ခန့်မှာ ဆီလီကွန်ဗယ်လီရဲ့တစ်နေရာက စတိဗ်ဂျော့ဆိုသူတစ်ယောက်က တော့ နည်းနည်းပွန်းပဲ့နေတဲ့ ပန်းသီးတစ်လုံးကို ကိုင်မြှောက်လို့ ကမ္ဘာကြီးတစ်ခုလုံး သူ့နောက်က လိုက်ပါလာအောင် ဆွဲခေါ်ခဲ့တယ်။ Apple ဆိုတဲ့ ပန်းသီးတံဆိပ်နဲ့ အက်ပဲလ် ကွန်ပြူတာ။ အိုင်ပေါ့ မြူးဇစ်ပလေးယား။ အိုင်ဖုန်း။ အိုင်ပက်။ အိုင်ကျွန်းစတဲ့ ပန်းသီးတံဆိပ်အမှတ်အသားက ခေတ်မီလူသားထုကြားမှာ နေရာအနှံ့။ အက်ပဲလ်တံဆိပ်ပါတဲ့ ပစ္စည်းတစ်ခုခုများ ကိုယ့်အနီးအပါးမှာ မရှိလျင်ဖြင့် ကိုယ့်ကိုယ်ကိုပဲ လူရာမဝင်တဲ့ ခေတ်မမီတဲ့သူတစ်ဦးဦးလို ခံစားမိနိုင်ေ
လာက်အောင်အထိ အက်ပဲလ်က နေရာယူလာခဲ့တယ်။
သူ့လို အိုင်ပေါ့တွေ၊ အိုင်ဖုန်းတွေ၊ အိုင်ပက်တွေ တီထွင်ဖို့ မပြောနဲ့။ သူတီထွင်တဲ့ အိုင်စီးရီးနွယ်တွေကို ဘယ် လိုအသုံးပြုရမယ်ဆိုတာလောက်တောင် မသိတဲ့ (I) ကတော့ ကိုယ့်အနားမှာ အက်ပဲလ်တံဆိပ်ပါ အိုင်ဖုန်းတစ်လုံးရှိနေတာသည်ပင်လျင် ကိုယ့်ကိုယ်ကို ခေတ်မီလူသားမျိုးနွယ်တစ်ဦးလို့ ကြံဖန်ကာ ဂုဏ်ယူရမည့်အနေ အထားပါ။
၂ဝ ရာစုနှောင်းပိုင်း ကွန်ပြုတာတွေ တစ်ခေတ်ဆန်းချိန်မှာတော့ ဆီလီကွန်ဗယ်လီအတွင်းရှိ ကူပါတီနိုဆိုတဲ့ မြို့လေးမှာ စတိဂျော့ဆိုတဲ့ လူသားတစ်ယောက်က Apple ဆိုတဲ့ အကိုက်ရာပဲ့ထင်နေတဲ့ ပန်းသီးအမှတ် အသားပါ ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့တယ်။ ပန်းသီးပုံအမှတ်တံဆိပ်ကို ပုံစံဆွဲခဲ့တဲ့ Janoff ဆိုသူက ပန်းသီးတံဆိပ်မှန်း သိသာစေဖို့ (ခရမ်းချဉ်သီးတစ်လုံး မထင်မှတ်စေဖို့) လို့ ကိုက်ရာတစ်ခုကို ထည့်ပါတယ်လို့ ရှင်းပြခဲ့ဘူးပေမယ့် ကိုယ်ကတော့ နယူတန်ခေါင်းပေါ်ကို ကြွေကျခဲ့ဘူးတဲ့ ပန်းသီးတစ်လုံးကို အာဒမ်တို့စုံတွဲ ကိုက်စားခဲ့တာကို ကိုယ်စားပြုစေချင်လို့ ခုလိုဒီဇိုင်းကို ဆွဲခဲ့တာဖြစ်မယ်လို့ ကိုယ့်အထင်နဲ့ကိုယ် တွေးကြည့်ဖူး တယ်။
ကမ္ဘာဦးအစ လူသားနှစ်ဦးရဲ့ စိတ်ခံစားမှုနဲ့ သိပ္ပံခေတ်ဦး လူသားတစ်ဦးရဲ့ အတွေးအခေါ် ပေါင်းစပ်မှုဟာ ကွန်ပြူ တာခေတ်ဦး လူသားတစ်ဦးအပေါ်မှာ ကွန့်မြူးကောင်း ကွန့်မြူးမနေနိုင်ဘူးရယ်လို့ ဘယ်သူပြောနိုင်မှာလဲ။ ခုလို ထင်ရှားတဲ့ အကိုက်ရာပါ ပန်းသီးတံဆိပ်ကို အသုံးမပြုမီမှာ ပထမဆုံးအသုံးပြုခဲ့တဲ့ အက်ပဲလ်ကုမ္ပဏီရဲ့ တံဆိပ် မှာပင်လျင် “နယူတန်..သစ်လွင်ဆန်းပြားတဲ့ အတွေးပင်လယ်ပြင်ကျယ်မှာ စိတ်ဟာ တစ်ကိုယ်တည်း အမြဲတမ်း ဆန်းသစ်မှုကို စူးစမ်းရှာဖွေနေ တတ်တာ”လို့ ရေးထိုးထားဖူးတယ် မဟုတ်လား။
ကမ္ဘာကျော် ဆီလီကွန်တောင်ကြားအတွင်းရှိ တက္ကသိုလ်တစ်ခုမှာ ကျောင်းတက်နေစဉ်က ကျောင်းစာကြည့် တိုက်ရှေ့က ကြော်ငြာဘုဒ်မှာ အက်ပဲလ်ကွန်ပြူတာကြော်ငြာတစ်ခုကို အမှတ်ထင်ထင် တွေ့ခဲ့ဘူးတယ်။ ကြော် ငြာထဲမှာ တိဗက်ကိုရင်ငယ်တွေ အက်ပဲကွန်ပြူတာတစ်လုံးကိုရှေ့မှာထားပြီး သဲသဲမဲမဲ ဝိုင်းအုံကြည့်နေဟန်ကို ဖော်ပြထားတယ်။ ခေတ်မီအသုံးအဆောင်တွေနဲ့ ဝေးဝေးမှာရှိနေတဲ့ ဗုဒ္ဓတပည့်သာမဏေငယ်တွေတောင်မှပဲ အက်ပဲလ်ကွန်ပြူတာကို သုံးစွဲနေကြပြီလို့ ပြောချင်တာလား။ ဒါမှ မဟုတ် အက်ပဲဒီဇိုင်းက ရိုးရိုးလေး။ ဒါပေမယ့် လည်း ဆွဲဆောင်မှုတော့ အပြည့်ပါပဲလို့ ပြောချင်တာလားဆိုတာကိုတော့ အဲဒီကြော်ငြာကို ဖန်တီးသူမှပဲ သေ ချာ သိနိုင်ပေလိမ့်မယ်။
ကိုယ်က အက်ပဲလ်ဖန်တစ်ဦးတော့ မဟုတ်ပါဘူး။ ပီစီကိုသာ အသုံးများလို့ ပီစီရဲ့ဖန်ရှင်များနဲ့သာ ရင်းနှီးနေလို့မို့ တက္ကသိုလ်ရဲ့ ကွန်ပြူတာခန်းမထဲမှာရှိနေတဲ့ အက်ပဲကွန်ပြူတာများကိုပင်လျင် တစ်ခါမှ အသုံးပြု မကြည့်ခဲ့ဘူး ပါဘူး။ ဆီလီကွန်ဗယ်လီဒေသမှာ နှစ်ပေါင်းများစွာ နေထိုင်နေတဲ့ကိုယ်က ခုချိန်ထိ အက်ပဲလ်ကွန်ပြူတာ တစ်လုံးတောင် မပိုင်ဆိုင်ခဲ့ဘူးတာကို ကွယ်လွန်သွားရှာတဲ့ မစ္စတာ စတိဗ်ဂျော့များသိသွားခဲ့ရင် ဝမ်းနည်းများ နေလေမလားပါ။
ဒါပေမယ့် မကြာမီကပဲ iPhone တစ်လုံး ဝယ်ယူခဲ့လို့ ခုတော့ Apple တံဆိပ်ကို စတင်သုံးစွဲသူတစ်ဦးတော့ ဖြစ် နေပါပြီ။ ဒါတင် ဘယ်ကလေဦးမလဲ။ အသစ်ဖွင့်မယ့် မုဒိတာလမင်းစာကြည့်တိုက်မှာသုံးဖို့ မိုးမခမီဒီယာက လာ လှူထားတဲ့ အက်ပဲလ်ကွန်ပြူတာတစ်လုံးလည်း စာကြည့်ခန်းထဲမှာ ရှိနေပါပြီ။ ဒါပေမယ့် ဘယ်လိုသုံးရမယ်ဆို တာ မသိလို့ ခုထိတစ်ခါမှတော့ သုံးမကြည့်ဖြစ်သေးဘူးပေါ့။ သုံးကြည့်လို့ လွယ်ကူတယ်၊ အဆင်ပြေတယ် ဆိုလျင်ဖြင့် တစ်နေ့မှာတော့ ကိုယ်ဟာလည်း အက်ပဲလ်ဖန်တစ်ဦး ဖြစ်ကောင်း ဖြစ်လာဦးမှာ။ ဒါဆို မစ္စတာ စတိဗ်ဂျော့အတွက် ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာ၊ ဖြေဆည်ရာ ဖြစ်ကောင်းမယ်ထင်ပါရဲ့။
ကိုယ်ဆိုတဲ့ (I) က အာဒမ်နဲ့ဧဝလို ထာဝရ တားမြစ်ထားတဲ့ သစ်သီးကို အဆန်းထွင်ကာ မစားခဲ့လို့ သူတို့လို အဆန်းစိတ်တွေ မဝင်ခဲ့သလို သိပ္ပံနဲ့ အလှန်းဝေးလွန်းလှလို့လဲ နယူတန်ရဲ့ ဂရဗတီသီအိုရီအပေါ်မှာလည်း ကောင်းကောင်း မကျက်စားနိုင်ပါဘူး။ ကွန်ပြူတာဆိုလျင်လည်း စာရိုက် စာဖတ် လုပ်တတ်တဲ့ အဆင့်ထက် သိပ်ပြီး မပိုလို့ အက်ပဲလ်ကွန်ပြူတာရဲ့ ပီစီနဲ့စာရင် ပိုမိုကောင်းမွန်တယ်ဆိုတဲ့ ဂရက်ဖစ်ဆိုင်ရာ အားသာချက် တွေ၊ အသံပိုင်းဆိုင်ရာ ပြတ်သားကြည်လင်မှုတွေ၊ ဗိုင်းရပ်ကာကွယ်မှု ပိုကောင်းခြင်းတွေ။ ဆွဲဆောင်အမှု အပြည့်ရှိတဲ့ အက်ပဲလ်ရဲ့ ဒီဇိုင်းလှပမှုတွေဆိုတာကိုလည်း မခံစားနိုင်ခဲ့ပါဘူး။
ဝမ်းနည်းစရာအဖြစ် ဒီနေ့ပဲ ကွန်ပြုတာခေတ်သစ်ရဲ့ ထူးခြားတဲ့ တီထွင်ဖန်တီးရှင်၊ လူသားကမ္ဘာအတွက် တန်ဖိုး ဖြတ်မရနိုင်တဲ့ အရာများစွာကို ချန်ထားရစ်ခဲ့တဲ့ Apple ပဲ့ကိုင်ရှင် Steve Jobs တစ်ယောက် ကွယ်လွန်တဲ့ သတင်းကို ဖတ်ရတယ်။ မနေ့ကပဲ iRevilution ရဲ့ ပဲ့ကိုင်ရှင် စတိဗ်ဂျော့ရဲ့ Apple ကုမ္ပဏီက iPhone 4S ဆိုတဲ့ အသစ်တစ်ခု ဈေးကွက်ထဲပေါ်ထွက်လာခဲ့တယ်။ အက်ပဲဖန်တွေ ကြားနေ မျှော်နေခဲ့တာက iPhone 5။ ခုလို iPhone 5 အစား iPhone 4S ဆိုတာကို ထုတ်လုပ်လိုက်ခြင်းဟာ for Steve (4S) ရယ်လို့ စတိဗ်ဂျော့ကိုများ နောက်ဆုံး ဂါရဝအနေ ကိုယ်စားပြုရည်ညွှန်းလေသလား။ ဒါကိုဖြင့် သူတို့မှသာ သိပေလိမ့်မယ်။ Apple ကုမ္ပဏီရဲ့ ထုတ်ကုန်ထဲမှာ ဒီ iPhone 4S ဟာ စတိဗ်ဂျော့ သက်ရှိထင်ရှားရှိနေခိုက်မှာ ထုတ်လုပ်လိုက်တဲ့ နောက်ဆုံးထုတ်ကုန်တစ်ခု ဖြစ်ပေလိမ့်မယ်။
ဘဝဆိုတာ တခါခါမှာ အုတ်နံရံကို ခေါင်းနဲ့ဆောင့်ရသလိုပဲ နာကျင်လွန်းပါတယ်။ ဒါပေမယ့် ယုံကြည်မှုတော့ မပျောက်ဆုံးပါစေနဲ့။ မိမိနှစ်သက်တဲ့အရာကို လုပ်နေရတာကိုက သူဆက်လက်လျှောက်လှန်းဖြစ်နေစေခြင်းရဲ့ အကြောင်းရင်းတစ်ခုပါ။ ဘဝအတွက် နှစ်သက်ပျော်ရွှင်ကျေနပ်မှုဆိုတာ ကိုယ်လုပ်နေတဲ့အလုပ်ဟာ အကောင်း မြတ်ဆုံး အလုပ်တစ်ခုဆိုတာကို ကိုယ်ကိုယ်တိုင်လက်ခံနိုင်ဖို့ပါ။ အနှစ်သက်ဆုံးအရာကို လုပ်ခွင့်မရနိုင်သေး လျင်ဖြင့် ရပ်တန့်ရပ်နားလို့ မနေပါနဲ့။ ဆက်လျှောက်မြဲလျှောက်ပါ။
ဘယ်သူတစ်ဦးယောက်မှ သေချင်မယ် မဟုတ်ပါဘူး။ ဒါပေမယ့် သေခြင်းတရားဆိုတာ ဘယ်သူမှ ရှောင်လွှဲ မရတဲ့အရာ။ ကောင်းကင်ဘုံကိုသွားရမယ်ဆိုတဲ့သူမျိုးတောင်မှပဲ သေလိုမယ် မဟုတ်ပါဘူး။ တကယ်တော့ အဟောင်းတွေဆိုတာ အသစ်တွေဖြစ်ပေါ်လာနိုင်စေဖို့ လမ်းတွေပါရယ်လို့ ဗုဒ္ဓအဆုံးအမတရားများနဲ့ အလွန် ကျွမ်းဝင်ရင်းနှီးတဲ့ စတိဗ်ဂျော့က သေခြင်းနဲ့စပ်လို့ မှတ်မှတ်ရရ ပြောခဲ့ဘူးတယ်။
သင်ပိုင်ဆိုင်ရတဲ့အချိန်က ကန့်သတ်ချက်ရှိတယ်။ သူတစ်ပါးအပေါ်မှာသာ မှီခိုပြီးနေထိုင်ပြီးသာ သင့်ရဲ့အချိန် တွေကို မဖြုန်းတီးမိပါစေနဲ့။ သူတစ်ပါးတွေ စဉ်းစားတွေးခေါ်ခြင်းကြောင့် ထွက်ပေါ်လာတဲ့ ရလာဒ်တွေ အောက် မှာသာ ချောင်ပိတ်လို့ မနေမိပါစေနဲ့။ သင့်ရဲ့နှလုံးသားကထွက်လာတဲ့ ကိုယ်ပိုင်အသံကို သူတစ်ပါးတွေရဲ့ ထင်မြင်ယူဆချက်တွေအောက်မှာ ပျောက်ကွယ်ကာ မသွားပါစေနဲ့။ သင်နှလုံးနဲ့ ဦးနှောက်က သင်ဘာလိုချင် တယ်။ ဘာဖြစ်ချင်တယ်ဆိုတာ ပိုင်းခြားဆုံးဖြတ်ပြီးသားပါ။ ဒါကို သတ္တိရှိရှိ၊ ရဲရဲဝံ့ဝံ့ လုပ်ဆောင်သွားဖို့ပါ။ အခြား ကျန်တဲ့အရာတွေက ဒီနောက်မှာ ထားရမယ့် အရာများသာဖြစ်ပါတယ်-လို့လည်း သူက ပြောခဲ့ဘူးတယ်။ ဆန်းသစ်တီထွင်မှုကို မြတ်နိုးခုံမင်သူတွေအတွက် အားဆေးဖြစ်ဖွယ် အဖိုးတန်စကားများပေါ့။
စတိဗ်ဂျော့လိုသူတစ်ဦး ဆုံးရှုံးရတာကတော့ အက်ပဲလ် မိသားစုပါမက ကမ္ဘာကြီးတစ်ခုလုံးရဲ့ ဆုံးရှုံးမှုတစ်ခုလို့ ပြောနိုင်ပါတယ်။ ကွန်ပြူတာနဲ့ အင်တာနက်ကို သုံးစွဲကြတဲ့ ကမ္ဘာတဝှမ်းက လူသားအကြားမှာ စတိဗ်ဂျော့ ကွယ်လွန်ခြင်းသတင်းဟာ မိနစ်ပိုင်းအတွင်းမှာပဲ ပျံ့နှံ့သွားခဲ့တယ်။ နှမြောဝမ်းနည်းဖြစ်ရပါကြောင်းကိုလည်း အမှတ်တရ ပြောကြတယ်။
ဂုဏ်ယူစရာကတော့ စတိဗ်ဂျော့လိုသူတစ်ယောက်ဟာ သူရဲ့ရုပ်ခန္ဓာသာ ခုလိုဒီကမ္ဘာမြေပေါ်က ပျောက်ကွယ် သွားသည့်တိုင် သူတွေးတောကြံဆ တီထွင်ထားရစ်ခဲ့တဲ့ အဖိုးတန်ရတနာများနဲ့ သူ့ရဲ့ကျေးဇူးဂုဏ်သတင်းက တော့ ပန်းသီးတွေ ဒီကမ္ဘာမြေပေါ်မှာ ဝေနေသမျှ၊ I ဆိုတဲ့ ကိုယ်တွေရှိနေသမျှ အစဉ်ထာဝရ တည်ရှိနေပေလိမ့် ဦးမယ်။ ။